02 May 2008

ကြယ်ကြွေကောက်ခြင်း

အာရုံတွေနောက်တဲ့နေ့
ကာရံတွေမရှိတဲ့ညက
ကြယ်အကြွေငါကောက်တယ်.........

စကြ၀ဠာကိုဖြတ်သန်း
အစွန်းနားကိုတိုးထိုင်
မှိုင်နေတဲ့နေ့
တွေဝေတဲ့ညတွေမှာ
ကြယ်အကြွေတွေငါကောက်တယ်.........

ခပ်တိုးတိုးငိုညည်းသံနဲ့
ငိုရှိုက်သံနဲ့အတူ
ကြယ်စင်အကြွေငါကောက်တယ်..........

တညတညကောက်တဲ့ကြယ်စင်
မင်းမြင်တဲ့အခါ
ပိတိနဲ့ကြည်နူးမှု
ဘယ်ဆီမှာစုမလဲ
ငါလေ.........
ကြယ်စင်အကြွေကောက်ခဲ့တယ်

အမြဲတမ်း........
နင့်လွယ်အိတ်ထဲ
ကျောင်းမသွားသေးခင်
မွှေကြည့်စမ်း
ကြိုးနဲ့သီထားတဲ့ကြယ်စင်ကုံး
ခရေကုံးအဖြစ်တွေ့ရမယ်...........။ ။

လွမ်းလက်စ

လွမ်းလက်စမှမကုန်သေးခင်

လာပြန်ပြီနှင်းငွေ့တွေ

မိုးတွေသည်းလို့ကောင်းနေတုန်း

ဗြုန်း..ဆိုဆောင်းရောက်လာတယ်...........

မြူတွေထောင်းလမောင်းထအောင်ဆိုင်းလို့

မှိုင်းညို့ညို့ဟိုတောတန်း

ဖြတ်သန်းဖို့ကြံခဲ့စဉ်က

နေရာမရွေးတဲ့အလွမ်း

သူကပဲတပန်းသာရော့သလား

အမေးများစွာအတွေးတရား........

အစဉ်မှာ....ဘေးမများချင်တာလဲပါရဲ့

အနန္တသူရိယ..အမတ်ကြီးရေးတဲ့

"သူတည်းတယောက်".....အစချီတဲ့

မျက်ဖြေလင်္ကာကရော

ရင်ကိုတိုက်စားခဲ့လေသလား.......

အမှတ်များစွာ.....ရင်ခွင်မှာစု

ရတနာလိုဥထားတဲ့

စေညွှန်ရာကိုရော်ရမ်းမှန်းဆ....

တမ်းတရတာအကြိမ်ကြိမ်ပါပဲ.......

ထောင်းလမောင်းကြေတဲ့

ဆောင်းပေါင်းလည်းမနည်းတော့

ခပ်ပေါ့ပေါ့လေးတွေးရယင်လေ

လွမ်းနေချင်သေးတယ် ။ ။